မောင်ဥငယ်ငယ်က သင်္ကြန် အက်ဆေး
ကျွန်တော့အတွက်တော့ သင်္ကြန်ဆိုတာ ဘာမှ ထွေထွေထူးထူးကြီးမဟုတ်ပေမဲ့ ဝေးနေတာကြာတော့လည်း သတိရတာပါပဲ ငယ်ငယ်က သင်္ကြန်မရောက်ခင် ၁လ - ၂ လ အလိုမှာထဲက အိမ်ရှေ့အိမ်က ရတနာမြိုင်သင်္ကြန် အခွေ ကို ဖွင့်နေပြီ။ အဲ့ဒီအခွေထွက်တဲ့ နှစ်ထဲက ဖွင့်ခဲ့တာ ကျွန်တော် အိမ်ကထွက်လာခဲ့တဲ့နှစ်အထိပဲ။ နှစ်တိုင်းတွေးနေကျအတွေးက အဲ့ဒီအခွေ မပျက်သေးဘူးလားဆိုတာပဲ။
ရွာမှာ သင်္ကြန်မရောက်ခင် ရှေ့တစ်ရက်ဆို အကြိုပန်းတွေ လာရောင်းကြတယ် အိမ်ရှေ့က တမာပင်ကနေ တမာရွက်တွေ လာခူးကြတာ မြင်နေကြပဲ။ တစ်ခါက နောက်ဖေးမှာ သင်္ကြန်ကြိုတဲ့ ပန်းပင် တစ်ပင်ရှိတယ် အဲ့တာလက်ကမြင်းပြီး ဓားနဲ့ ခုတ်တာ ပျက်လုနီးမှပဲ ရပ်လိုက်တာ နောက်နေ့ သူ့ဟာသူ လဲသွားတာပဲ။
သင်္ကြန်ရက် မနက်ပိုင်းနဲ့ ညနေတွေ ဆို ရွာကလူတွေနဲ့ ရေပတ်ကြတာပဲ အဲ့တုန်းကတော့ ကလေးတွေပေါ့ ၃-၄-၅ တန်းပဲရှိဦးမယ်။ နောက်ဆုံး ရေပတ်တာာ ၇တန်း လား ၈ တန်းလားမမှတ်မိတော့ဘူး။ ရွာထိပ်မှာ အုန်းလတ် မဏ္ဍပ် ရှိတယ်။ အိမ်ရှေ့တွေမှာလည်း တစ်အိမ်စ နှစ်အိမ်စ အုန်းလက်တွေနဲ့ တစ်နိုင်တစ်ပိုင် မဏ္ဍပ် လုပ်ထားကြတယ်။ မှတ်မိသလောက် တစ်ချို့ရက်တွေဆို တနိုင်တပိုင် မုန့်လုပ်ပြီး ဝေကြတာပါပဲ။ သာမန်ကတော့ အုန်းနို့ဆန်ပြုတ် မုန့်လုံးရေပေါ် သာကူ အဓိကကျွေးကြတာပဲ။ နေ့လည်ခင်းဆို တရော်ကင်ပွန်းခေါင်းလျှော်ရည်ကို တအိမ် တထုတ်လိုက်ဝေးကြသေးတာ အဲ့ဒီရက်တွေမှာ အသားငါးလည်း မသတ်ကြ မရောင်းကြဘူး နောက်ပိုင်းတော့လည်း အဲ့လို မဟုတ်တော့ပါဘူး။
သင်္ကြန်လည်ကြတဲ့အခါ အဲ့ဒီတုန်းက ဆိုင်ကယ်တွေ သိပ်မပေါများတဲ့ အချိန်ဆိုတော့ စက်ဘီးနဲ့ လည်ကြတာ တစ်ခါ ကျွန်တော်စက်ဘီးအသေးလေးနဲ့ တော်တော်ဝေးဝေးကို ရောက်သွားဘူးတယ် မှတ်မိသလောက် ကျွန်တော် စက်ဘီး မနင်းနိုင်တော့လို့ ဘယ်ကမှန်းမသိတဲ့ အကိုကြီးတွေက သူတို့ စက်ဘီးပေါ်ကို ကျွန်တော့ကိုတင်နင်းပြီး ကျွန်တော့ စက်ဘီးကို တစ်ယောက်က လက်နဲ့ ကိုင်ပြီး ဆွဲလာပေးတယ်။ နောက်ပိုင်း ဆိုင်ကယ်တွေ ရှိလာတော့ ကျွန်တော်နဲ့ ဘော်ဒါနှစ်ကောင်နဲ့ ဟင်္သာတကို ဆိုင်ကယ်နဲ့ မောင်းသွားတာာလမ်းမှာ ဘီးပေါက်တာ ၃-၄ခါ လမ်းလျှောက်ရတာ မနည်းဘူး။ နိဗ္ဗာန်ဆိုတဲ့ ရွာကနေ လျှောက်တာ ရှားခဲရောက်မှဘီးဖာလို့ ရတယ်။ အဲ့တာ ကိုးတန်းပြီးတော့လား ဆယ်တန်းပြီးတော့လားမသိပါဘူး မေ့ပြီ။
နှစ်တိုင်းနီးပါး အကြိုနေ့ မတိုင်ခင်နေ့မှာ အိမ်က အကိုက ရွာကနေ ၁ နာရီလောက် လမ်းလျှောက်သွားရတဲ့ တောရကျောင်းမှာ ဘုန်းကြီးဝတ်လေ့ရှိတယ် သူမဝတ်ခင်တုန်းကတော့ အဲ့ဒီကျောင်းကို ရွာက အဒေါ်တွေ နဲ့ လိုက်သွားတာပဲ ဘာရယ်မဟုတ်ဘူးအဲ့တုန်းကတော့ တစ်နေရာ သွားရရင် ပျော်နေတာကို။ မှတ်မှတ်ရရ အဲ့ဘုန်းကြီးကျောင်းမှာအပင်တွေ အရမ်းပေါတယ် ကနစိုးသီးပင် ဥသျှစ် သီးပင်က အဲ့ကျောင်းရောက်မှ မြင်ဖူးတာပဲ မနက်ဆို အစောကြီး သွားကြပြီး ညနေခင်းကြမှ ပြန်လာကြတယ် အဲ့မှာပဲ စားကြသောက်ကြ တောဘုန်းကြီးကျောင်း ဆိုတော့ ကြောင်တွေ ခွေးတွေအင်မတန်ပေါတယ် မကောင်းကျောင်းပို့ ဆိုတာ ကြားဖူးကြမယ်ထင်ပါတယ် ရှေးရိုးဆန်တဲ့ ဒေသ ဆိုတော့ ကြောင်တွေမှာ မကောင်းတဲ့ အမှတ်အသားတွေ ရှိရင် ကြက်တွေက်ိုလိုက်ကိုက်တဲ့ခွေးတွေ ဆို ကြက်ပိုင်ရှင်က တစ်ခုခု လုပ်မှာဆိုးလို့ ကျောင်းကိုပို့ကျတယ်။ အနက်ရောင် ကြောင်တွေ ခွေးတွေ များတယ် ။ အဲ့ဒီတောရ ကျောင်းက “မင်းကိုနိုင်” “ရဲ့ နောက်ကြည့်မှန်” စာအုပ်ထဲက ဇတ်ကောင် ဖေသောင်းနေတဲ့ ဘုန်းကြီးကျောင်းနဲ့ သိပ်တူတယ်။ အဲ့ဒီကို ရောက်သွားရင် သိပ်အေးချမ်းတယ် သစ်ရိပ်ဝါးရိပ်ပေါလို့လည်းနေမှာပေါ့ အဲ့ရက်ပိုင်းတွေ လူစည်တော့ ကြံရည်ဆိုင်လေးတွေ မုန့်ဆ်ိုင်လေးတွေ လာဖွင့်ကြတယ်။ အဲ့မှာက ၇ရက် တရားစခန်းဆိုတော့ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကြီးကို တရားပြတဲ့ အဆောင်မှာ ဗီနိုင်းနဲ့ထောင်ထားတယ်
ပတ်ဝင်းကျင်ရွာတွေမှာ နှစ်ဆန်း ၁ ရက်နေ့ဆိုရင် ဆွမ်းဆန်စိမ်း လောင်းတဲ့ဓလေ့ရှိတယ် အမေပြောပြတာတော့ သူလည်း ဘယ်တုန်းကစတာလဲ မသိဘူးတဲ့။ အဲ့ဒီ့နေဆို မနက် ၄ နာရီလောက် အိမ်ကလူတွေ ထကြပြီး အိမ်ရှေ့မှ ဆွမ်းဆံလောင်းဖို့ လုပ်ကြတယ်။ စားပွဲပေါ်မှာဆန်ထည့်ဖို့ တောင်းတွေ ဘာတွေတင်ပြီးထားကြတာပဲ တစ်ခါ ဆွမ်းဆန်ခံတဲ့ ကျောင်းတွေနဲ့ လိုက်သွားဖူးတယ် တစ်ချို့ ရွာတွေက အချိုရည် တို့ မုန့်လက်ဆောင်းတို့ပါ တိုက်တာဗျာ ရှယ်ပဲ။ ပြီးတော့ ဆွမ်းဆန်လောင်းကြတယ်ပေါ့ဗျာ သံဃာတွေနဲ့ မယ်သီလှရှင်တွေ မနည်းပါဘူး အဲ့လိုနဲ့ အဲ့နေ့မနက်က ရုပ်စိရုပ်စိနဲ့ ရှုပ်နေကြတာပဲ။ ဆွမ်းလောင်းပြီးတော့ ဆန်တွေကို လက်တစ်ဆုပ်နှစ်ဆုပ်လောက် ဟိုကျဲဒီကျဲ ဆိုတော့ ကြက်တွေ ငှက်တွေကလည်း Buffet ပေါ့။ အဲ့အချိန်ဆို ဟိုအိမ်ဒီအိမ်လျှောက်ဆော့လိုက်သေးတာာဘာရယ်မဟုတ်ဘူး။
ဒီဖက်နှစ်တွေမှာတော့ သင်္ကြန်က အရင်ကလိုမဟုတ်တော့သလို မြင်နေကျ မြင်ကွင်းတွေလည်းမရှိတော့ဘူး။ ဒီလောက်ပါပဲ။
ရေးထားတာတွေက ဟိုဟိုဒီဒီ တစ်စစီဖြစ်နေမှာပဲ စာမှ မရေးတတ်တာကို။
အဆင်ပြေကြပါစေ။